15
May

သွက်လက်ချစ်စရာ ကောင်မလေး

ညက စာကြည့်လို့မရတာနဲ့ မေကဆုန်ရဲ့ကိုကို ကြည့်နေတဲ့ youtube လိုက်ကြည့်မိတော့ korea လိုင်းတခုက လွှင့်တာကို ပြန်တင်ထားတဲ့ movie အတိုလေးကို ကြည့်ဖြစ်သွားတယ်.. ကောင်မလေးက အရမ်းကို ချစ်စရာကောင်းပြီး သွက်လက်ပါတယ်.. အသက်ကတော့ ၃ -၅ နှစ်ကြားလောက်ပဲ ရှိမယ်ထင်ပါတယ်.. သီချင်းအလိုက် မျက်နှာ အမူအရာ ကိုယ်လက်လှုပ်ရှားမှုက တကယ်ကို ကိုက်ညီပြီး စည်းချက်အလိုက်ပါ.. သူ့နောက်က လိုက်ကတဲ့ သူတွေတောင် သူကတဲ့နောက်ကို အမှီမလိုက်နိုင်ဘူး :)

youtube မှာ rating 908 ရပြီး ကြည့်ရှုသူဦးရေ 1,907,798 views ရှိနေပါပြီ..
ခုခေတ် ကလေးတွေကတော့ ကျွန်မတို့ကလေးအရွယ်ကနဲ့များ တခြားစီပဲနော်..

14
May

သူငယ်ချင်းကောင်းဆိုတာ

friendscartoon

A - Accepts you as you are. သင့်ကိုအရှိအတိုင်းလက်ခံသူ

B - Believes in ”you” . သင့်ကိုယုံကြည်သူ

C - Calls you just to say ”HI” . “နေကောင်းရဲ့လား”ဟုမကြာခဏ နှုတ်ခွန်းဆက်သသူ

D - Doesn’t give up on you. သုံးလို့မရပါဘူးဟု စွန့်ပယ်မပစ်တတ်သူ

E - Envisions the whole of you (even the unfinished parts) သင့်လုပ်ဆောင်ချက်အားလုံး (မပြီးသေးသော အစိတ်အပိုင်းများအပါအ၀င်)ကို မှန်းမျှော်ပီတိဖြစ်နေသူ

F - Forgives your mistakes. သင့်အမှားများကို ခွင့်လွှတ်တတ်သူ

G - Gives unconditionally. ခြွင်းချက်မရှိသော မေတ္တာစေတနာကို ပေးတတ်သူ

H - Helps you. ကူညီဖေးမသူ

I - Invites you over. နွေးထွေးစွာ ကြိုဆိုဖိတ်ခေါ်တတ်သူ

J - Just ”be” with you. သင်နှင့်အတူရှိနေတာကို ကျေနပ်သူ

K - Keeps you close at heart. လှိုက်လှဲပွင့်လင်းစွာ ခင်မင်သူ

L - Loves you for who you are. ဆင်းရဲ ချမ်းသာမပါသော ချစ်ခြင်းဖြင့်ချစ်ခင်သူ

M - Makes a difference in your life. သင့်ဘ၀မှာ သူရှိနေသည့်အတွက် အပြောင်းအလဲဖြစ်စေသူ

N - Never judges. အပြစ်တင်ဝေဖန်ခြင်းမပြုသူ

O - Offer support. သင့်ဘက်မှ ရပ်တည်ထောက်ခံပေးမည့်သူ

P - Picks you up. ၀မ်းနည်းအားငယ်ခြင်းကို ဖြေသိမ့်ပေးမည့်သူ

Q - Quiets you fears. ကြောက်ရွံ့စိတ်ကို ပြေပျောက်စေသူ

R - Raises your spirits. စိက်ဓာတ်မြှင့်ပေးသူ

S - Says nice things about you. သင့်ရဲ့ကောင်းကွက်လေးများကိုသာ ရွေးချယ်ပြောသည့်သူ

T - Tells you truth when you need to hear it. သင့်ကိုယ်ချင်းစာစိတ်ဖြင့်နားထောင်ပါက အမှန်ကိုပြောမည့်သူ

U - Understand you. သင့်ကိုနားလည်သူ

V - Values you. သင့်ကိုတန်ဖိုးထားသူ

W - Walks beside you. သင့်နားမှာ လျှောက်လှမ်းပေးမည့်သူ

X - Xplains thing you don’t understand. သင်နားလည်လာသည်အထိ ရှင်းပြပေးမည့်သူ

Y - Yells when you won’t listen. သူ့စကားကိုနားမထောင်ပါက အော်တတ်သူ

Z - Zaps you back to reality သင့်အားအမှန်တရားဘက်သို့ပို့ဆောင်ပေးမည့်သူ

ငယ်ငယ်ကနေ ခုချိန်ထိ ခွဲခွာနေရသော သူငယ်ချင်းများကို သတိတရရှိနေတာနဲ့ ဖတ်မိတာလေးကို တင်ပေးလိုက်တာပါ.. ရေးသူကို မသိပေမဲ့ မေးလ်ပို့ပေးတဲ့ သူကို ကျေးဇူးတင်ပါတယ်..

ဘဝမှာ ဘယ်နေရာ ဘယ်ဒေသ ဘယ်လိုလူမျိုးတွေနဲ့ပဲ ပေါင်းသင်းဆက်ဆံနေရပါစေ.. သူငယ်ချင်းကောင်းဆိုတာ လေလိုပါပဲ အသက်ရှိနေသမျှ ကာလပတ်လုံးမှာ တိုင်ပင်ဖော် ရင်ဖွင့်ဖက် ကောင်းတူဆိုးအမျှ ခံစားပေးမဲ့ ကိုယ့်ဘက်က ရပ်တည်ပေးတဲ့ သူတယောက်ပါ..

09
May

သတိရလျှက် မေမေ

Mother Day မှာ သူများတကာလို အမေကို လက်ဆောင်ပေးချင်၊ အနားမှာနေချင်၊ အမေ ပြောဆို ဆုံးမတာလေးတွေကို အရမ်းကို နားထောင်ချင်မိပါတယ်.. ဒါပေမဲ့ အမေကို မတွေ့ရတော့တာ ဆယ်စုနှစ် ၁ခုကိုတောင် ကျော်လာပြီလေ.. အမေဆုံးတော့ အသက်က ၄၇ ပဲရှိပြီး ကျွန်မက ၆တန်း ၁၁ နှစ်သမီး အရွယ်ပေါ့.. မမက ၁၀တန်းအောင်ခါစ.. မေမေက ကျွန်မတို့ကျောင်းက အ.လ.ပြဆရာမ တယောက်.. မေမေက သူ့ဇာတိမြို့လေးမှာ မွေးဖွားကြီးပြင်းပြီး ဘွဲ့ရလို့ ကျောင်းဆရာမဖြစ်တော့လည်း ကိုယ့်မြိျု့မှာပဲ ပြန်ရတယ်.. နောက်ဆုံးအကြိမ် ဆုံးတော့လည်း ဇာတိမြို့လေးမှာပဲ သူ့မွေးနေ့ မကျော်ခင်မှာပဲ အသက်ကုန်ဆုံးသွားပါတော့တယ်…………

ကျွန်မတို့က ငယ်ငယ်တည်းက အဘွား၂ယောက်နဲ့ ကြီးပြင်းခဲ့ရတာ.. မေမေကလည်း တခြားမြို့တွေကို မပြောင်းဖြစ်ခဲ့တာက အဘွားနဲ့ကလေး ၂ ယောက်ကြောင့်ပေါ့နော်.. ဖေဖေကတော့ တာဝန်ကျရာ မြို့တွေကို ပြောင်းရပါတယ်.. နွေရာသီကျောင်းပိတ်ချိန်လောက်မှ ဖေဖေရှိရာ မြို့ကို လိုက်လည်ဖြစ်ပါတယ်.. လိုက်လည်ရင်း ပြည်မှာ မေမေ ဆေးခန်းပြဖြစ်တယ်.. ဆရာဝန်က အစာအိမ်ရောဂါလို့ ပြောလို့ ဆေးစား ဆေးသောက် အစားကို သတိထားစားရင်းနဲ့ ၂ နှစ် လောက်ကြာလာတော့ သိပ်မသက်သာဘူး.. အဲဒါနဲ့ မမ YIT မှာ ကျောင်းလာအပ်တဲ့အချိန်ကျတော့ အဘွားက ဆေးခန်းထပ်ပြခိုင်းတာနဲ့ ရန်ကုန်ကို လိုက်သွားဖြစ်ခဲ့ပါတယ်.. ဒါပေမဲ့ ဆေးခန်းကို မသွားခင်မှာပဲ အိမ်မှာ သတိလစ်သွားခဲ့တယ်.. UHC ဆေးခန်းကိုခေါ်သွားပြီး သတိပြန်ရလာတော့ အိမ်ကိုပြန်လာခဲ့ကြတယ်.. နောက်ရက် ထပ်ပြီး သတိလစ်သွားချိန်ကစပြီး ကွယ်လွန်ချိန်ထိ ပြန်ပြီးနိုးမလာတော့ပါဘူး.. သတိလစ်သွားတော့ ရန်ကုန်ဆေးရုံးကြီးကို ချက်ချင်းတင်ရတဲ့ အချိန်ကျမှ ရောဂါအမှန်ကို သိခဲ့ရပါတယ်.. ကျောက်ကပ်ရောဂါတဲ့.. နောက်ဆုံးအဆင့် ဓါတ်ကင်လည်း မရတော့ပါတဲ့..

မေမေကို ကုပေးတဲ့ ဆရာဝန်က ဒေါက်တာ ခင်မောင်ဌေး (အဆိုတော် ချစ်ကောင်းရဲ့ အစ်ကို) ပါ.. ဆရာကလည်း မိသားစုဝင်အားလုံးကို နားလည်အောင် ကြိုတင်ပြင်ဆင်နိုင်အောင် သေချာ ရှင်းပြပါတယ်.. ဆေးရုံတင်ထားတဲ့ အချိန်မှ ကျွန်မကို ရန်ကုန်လာဖို့ခေါ်ပြီး အဖေ့အစ်ကို မိသားစုနဲ့ နေခိုင်းပါတယ်.. မေမေ ရန်ကုန်ကို သွားတဲ့ အချိန်ကနေ ဆုံးတဲ့ အချိန်ထိ ကျွန်မကို ၂ကြိမ်ပဲ တွေ့ခွင့်ပေးခဲ့တာပါ.. (ပ)အကြိမ်က ဆေးရုံကြီးမှာ ပိုက်ပေါင်းများစွာနဲ့ ဆီးမသွားနိုင်တော့ လူတကိုယ်လုံးက ဖောင်းနေတဲ့ အချိန်.. (ဒု)အကြိမ်က ဇာတိမြို့ကို ပြန်ခေါ်ပြီး ကွယ်လွန်ခါနီး ၁ ရက်အလိုမှာ အောက်ဆီဂျင်ပိုက် တန်းလန်းနဲ့.. တကယ့် မေမေဆုံးတဲ့ အချိန်မှာတော့ ကျွန်မက အနားမှာ မရှိပါဘူး.. မိသားစုက ကျွန်မကို ကျွန်မသူငယ်ချင်းအိမ်ကို ပို့ထားတာပါ.. သူမရဲ့ မိဘတွေကလည်း မေမေရဲ့သူငယ်ချင်းတွေပါပဲ.. မေမေ ဆုံးသွားလို့ နောက်နေ့ မနက်အစောကြီးကျမှ ဖုန်းဆက်ခေါ်ပါတယ်..

အဲဒီအချိန်မှာ သူငယ်ချင်းအမေက ကျွန်မတို့ သူငယ်ချင်း၂ယောက်ကို မနက်စာ ထမင်းခွံ့နေတာပါ.. နောက် သူ့အဖေက မျက်နှာမကောင်းစွာနဲ့ သမီးကို အိမ်ကို အလည်သွားဖို့ လိုက်ပို့မယ်နော်တဲ့.. ဦးဦး ညကျရင် ပြန်လာခေါ်မယ်နော်လို့ ပြောရင်း လိုက်ပို့ပါတယ်.. ဒါပေမဲ့ အိမ်ပေါက်ဝရောက်တဲ့ အချိန်မှာတော့ အိမ်ရှေ့ခန်းမှာ မေမေကိုပြင်ဆင်ထားပြီးနေပါပြီ.. ရုတ်တရက်ဆိုတော့ ဆက်ပြီးလည်း မလျှောက်နိုင် ငိုလို့လည်းမရပါဘူး.. မေမေ မျက်နှာကိုလည်း ပေးမြင်ခွင့် မပေးခဲ့ပါဘူး..

ငယ်ငယ်ကနေ ခုချိန်ထိ မေမေနဲ့ တူတဲ့သူကို လိုက်ရှာမိတုန်းပဲ.. မျက်နှာပေါက်တူတယ်. ဆံပင်ပုံစံတူတယ် စသဖြင့်ပေါ့.. အဲဒီအချိန်ကစလို့ ကျွန်မရဲ့အတွေးထဲမှာ မေမေဟာ အရမ်းဝေးတဲ့ ခရီးတခုကို သွားနေတယ်.. ချက်ချင်းပြန်လာလို့ မရသေးဘူး.. တရက်ရက်ကျတော့ ပြန်လာလိမ့်မယ်လို့ တွေးဆဲပါပဲ…..

07
May

သူမနှင့်ကျွန်တော်

သူမနှင့်ကျွန်တော်

သူနှင့် ကျွန်တော်တို့စတင်ဆုံတွေ့ပုံ ကိုပြန်စဉ်းစားကြည့်တော့ မေ့နေတာတွေက အတော်များတယ်။ နေ့ရက်တွေ အချိန်နေရာတွေကို သေသေချာချာ မှတ်သားထားတတ်တဲ့ အကျင့်မရှိလို့နေမယ်ထင်တယ်။ စတွေ့တဲ့အချိန်က ကျွန်တော်က KMD Computer Centre မှာ Staff အဖြစ် အလုပ်ဝင်နေတုန်း အချိန်ပေါ့။ ကျွန်တော့်အလုပ်က ကျောင်းသူကျောင်းသားတွေ Project , Assignment လုပ်ရင် ကူညီရပါတယ်။ သူ့ရဲ့ Project က ကျွန်တော်တာဝန်ယူရတဲ့ အဖွဲ့မှာမပါပါဘူး။ Assignment လုပ်တော့မှ ကူညီပေးရင်းနဲ့ သိကြတာပါ။ စတွေ့တဲ့အချိန်မှာ သူက ကလေးတယောက်လိုပါဘဲ။ ဖြူစင် သွက်လက်စွာနဲ့ ချစ်ဖို့ကောင်းပါတယ်။ Assignment ကူညီပေးရင်းနဲ့ပဲ စကားပြောဖြစ်ပြီး ခင်မင်ရင်းနှီးသွားကြပါတယ်။ ဒီလိုနဲ့ဘဲ ဖုန်းနံပါတ်စုံစမ်းပြီးတော့ ဖုန်းဆက်စကားတွေပြော ၊ သီချင်းလေးတွေ စီဒီနဲ့ကူးပေး တစတစနဲ့ ရင်ခုန်သံခြင်း ရင်းနှီးခဲ့ပါတယ်။

အဲ့ဒီချိန်တုန်းက သူကဒဂုံတက္ကသိုလ်မှာ ဒုတိယနှစ်ကျောင်းတက်နေတုန်းပေါ့။ စကားစပ်မိလို့ ကျောင်းကို လာလည်ချင်တယ်ဆိုတော့ ၊ လာလည်ပေါ့တဲ့။ ဒဂုံတက္ကသိုလ်ကပြန်တော့ စကားပြောစရာရှိလို့ဆိုပြီး အင်းယားမှာဖွင့်ပြောဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ကျောင်းသွားကျောင်းပြန်ချိန်နဲ့ အချိန်အတော်များများ သူနဲ့အတူရှိနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ချစ်သူတွေဘ၀ ရောက်ခဲ့ကြပါတယ်။

ချစ်သူဘ၀ရောက်ပြီး ၃လလောက်ကြာတော့ အိမ်ကိုအသိပေးပြီး အမေနဲ့ မိတ်ဆက်ပေးတော့ အားလုံး အဆင်ပြေပြေပါဘဲ။ အမေကြီး(အဖွား)ကတော့ သူ့ကိုချစ်လေရဲ့ ၊ ခုဆို အမေကြီး မရှိတော့တာ ၁၀ ရက်တောင်ရှိပြီဘဲ…။ အမေကြီးပေးခဲ့တဲ့ ပိစိ ဆိုတဲ့နာမည်ကို အဒေါ်တွေနဲ့ကလည်း ချစ်စနိုးနဲ့ ပိစိလို့ခေါ်ပါတယ်။ အဲ့ဒီနာမည်က အမေ့ဘက်က အမျိုးတွေအားလုံးခေါ်တဲ့နာမည် ဖြစ်သွားတယ်။ တခုခုဆို ပိစိနေကောင်းရဲ့လား ၊ အဆင်ပြေလား ..။ ညီမလတ်ရဲ့ နှစ်နှစ်သား တူလေးကတောင် အန်တီပိစိ လို့ခေါ်လို့ သူ့အဖေကဆူထားရတယ်။

ဒီလိုနဲ့ချစ်သူဘ၀ ၂ နှစ်လောက်ကြာပြီးတဲ့နောက် KMD ကအလုပ်ထွက်ဖြစ်ခဲ့တယ်။ ဘာရယ်လို့ရည်ရွယ်ချက် မရှိဘဲနဲ့ထွက်ဖြစ်သွားတာ၊ ၃နှစ်လောက်အိမ်မှာ ဟိုလုပ် ဒီလုပ် ၊ သင်္ဘောလိုက်ဖြစ်မလိုလို ၊ Internet Cafe ဖွင့်မလိုလို နဲ့ အမေ့အလုပ်အချို.ကို ကူရင်းအချိန်တွေ ကုန်ခဲ့လေရဲ့။ နောက်သူ့အမက Singapore ကိုအလည်ခေါ်တော့ အမေ့ကိုမေးတယ်၊ သား အလည်လိုက်သွားချင်တယ်ဆိုတော့ ၊ အလည်ဆိုလည်း လိုက်သွားလေတဲ့။ Singapore ရောက်တော့ အလုပ်လျှောက်တာပေါ့၊ ကံအားလျော်စွာ အလုပ်တခုရပြီးတော့ Singapore မှာ ဆက်နေဖြစ်သွားပါတယ်။ အမေကြီးဆို ဖုန်းဆက်တိုင်းမေးတယ် ဘယ်တော့ပြန်လာမှာလဲလို့၊ တနှစ်တော့ အနဲဆုံးနေရမှာပေါ့ဆိုတော့ ကြာလိုက်တာတဲ့။ အသက် ၃၀ လောက်ရှိတဲ့ လူရွယ်တယောက်အတွက် ၁ နှစ်ဆိုတာ ဘာမှမကြာပေမဲ့ အသက် ၈၆ နှစ်ရှိပြီဖြစ်တဲ့ အမေကြီးအတွက်ကတော့ ….။

Singapore မှာအလုပ်လုပ်ပြီး ၁ နှစ်ခွဲအကြာမှာ လက်ထပ်ဖြစ်ပါတယ်။ အဲဒီချိန်မှာရည်းစားသက်တမ်းက ၆ နှစ်ပါ။ ရည်းစားသက်တမ်းတလျှေက်မှာ ကြီးမားတဲ့ပြသနာလို့တော့မရှိပါဘူး။ ရည်းစားတို့ သဘာဝ စိတ်ကောက် စိတ်ဆိုးတာလောက်ပါဘဲ။ တယောက်နဲ့တယောက် နားလည်မှု.ရှိစွာနဲ့ ချစ်ခဲ့ကြပါတယ်။

ချစ်သဲရဲ့မွေးနေ့အမှတ်တရရေးပေးတာပါ။ ၂၄ နှစ်မွေးနေ့မှသည်.. နောင်နှစ်ပေါင်း ၁၂၀ တိုင် ကျမ်းမာ ချမ်းသာစွာဖြင့် မိဘကျေးဇူးဆပ်နိုင်သော ဘာသာသာသနာကို စောင့်ရှောက်နိုင်သော သမီးကောင်း သမီးလိမ္မာတယောက် ဖြစ်နိုင်ပါစေ။

သူ နှင့် ကျွန်မ
မေကဆုန်

(ဒီပို့စ်ကို အတင်းရေးခိုင်းရပါတယ် ဒါတောင် ၂ရက်လောက် အချိန်ယူပါတယ်.. မှတ်ညဏ်တော့ အရမ်းကောင်းတယ်လေ ကျွန်မကို အကုန်ပြန်မေးနေတာ:)

05
May

စိတ်ချမ်းသာရက်လေး ဖြစ်ရပါလိုဧ။်

ဒီနေ့ မေလ ၆ရက်နေ့က ကျွန်မရဲ့ မွေးနေ့လေးပါ.. ပထမဆုံး လူလားမြောက်အောင် မွေးဖွား ကျွေးမွေး စောင့်ရှောက်ပေးတဲ့ ကျေးဇူးရှင် မိခင်နဲ့ဖခင်အပြင် အမြဲတမ်း ကူညီဆုံးမတဲ့ တဦးတည်းသော အစ်မကို ကန်တော့ပါတယ်.. ခုချိန်ထိ သင်ကြား လမ်းညွှန်မှုတွေပေးဆဲ အဘွားနဲ့ အဒေါ်၊ ဆွေမျိုး ညီအစ်ကိုမောင်နှမများ၊ သင်ဆရာ မြင်ဆရာ ကြားဆရာ၊ ကျွန်မထက် ၁မိနစ် ၁စက္ကန့်ကြီးသူအားလုံးအပေါ်မှာ ပြစ်မှားမိတာမျိုးရှိခဲ့ရင် ခွင့်လွှတ်ဖို့ ရှိခိုးကန်တော့ပါတယ်.. နောက်ဆုံး ကျွန်မရဲ့ ကိုကို( ကျွန်မ ဆိုးသမျှ ဒဏ်အများဆုံး ခံရလို့ပါ :) ဆက်လက်သည်းခံနိုင်ပြီး လက်တွဲမဖြုတ်တမ်း အနားမှာ အမြဲနေပေးနိုင်ပါစေလို့ တောင်းဆိုရင်း ကန်တော့ပါတယ်နော်..

မွေးနေ့ဆုတောင်းတော့ အများကြီး မတောင်းတော့ဘူး.. တခုပဲ( အားလုံး ပြည့်ဝရပါလိုဧ။် အရှင်ဘုရား )

မွေးနေ့ပွဲလေးမလုပ်နိုင်တာတော့ ခွှင့်လွတ်ကြပါနော်.. အိမ်ပြောင်းတာရယ်.. စာမေးပွဲနီးနေတာကြောင့်ပါ.. ဘလော့ဂ် အိမ်လည်တောင် နေ့တိုင်းမရောက်နိုင် ဖြစ်နေတာပါ..

01
May

မေလဖွား မွေးနေ့ရှင်များ

မေလအတွင်းမှာ ကျရောက်မည့် မွေးနေ့ရှင်အပေါင်းကို ကြိုတင်ပြီး ပျော်ရွှင် စိတ်ချမ်းသာစရာကောင်းသော ရက်မြတ်လေးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်..

ကျွန်မ မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းတွေထဲမှာ မေလမွေးဖွားသူ တော်တော်များပါတယ်..  မှတ်မိသလောက် ရေးကြည့်မိတော့

(မေလ ၁ရက်)မွေးဖခင် အဖေ ၊

(မေလ ၆ရက်)သူငယ်ချင်း အောင်ဘိုဘိုသော်၊နောက်  ကျွန်မရဲ့မွေးနေ့ပေါ့နော်..

(မေလ ၇ရက်)မှာက သူငယ်ချင်း ဆန်းဆန်းကြည်၊ ဇွန်ဖြူချစ်စော၊ ကျွန်မ အရမ်းကြိုက်တဲ့ သရုပ်ဆောင် ကိုသားကြီး(ဒွေး)၊လူမင်း၊မခိုင်ကြီး၊

(မေလ ၈ရက်) သူငယ်ချင်း ရည်မွန်

(မေလ ၁၆ရက်) သူငယ်ချင်း မြတ်အိမွန်

(မေလ ၁၈ရက်) မခိုင်သီရိဝင်း

(မေလ ၂၉ရက်) ကျွန်မရဲ့ ယောက္ခထီး အဖေ

(မေလ ၃၁ရက်) ဒေါ်အိမေဇင်

နောက်ပြီး ရက်မမှတ်မိတော့တဲ့ မမေဇင်မျိုး နှင့် မေလဖွား ဘလော့ဂ်ရေးတဲ့ လာလည်ဖတ်ကြတဲ့ သူငယ်ချင်း မိတ်ဆွေ ညီအစ်ကိုမောင်နှမများ အပါအဝင် အားလုံးကို မွေးနေ့ဆုတောင်း လက်ဆောင်ပေးပါတယ်နော်..

“မွေးနေ့မှသည် နောင်မွေးနေ့ပေါင်းမျာစွာအထိ၊ မိမိအကျိုး၊ မိသားစု အကျိုး၊ လူအများအကျိုး၊ တိုင်းပြည်အကျိုးကို များစွာဆောင်ရွက်နိုင်တဲ့ လူကောင်းတစ်ယောက် ဖြစ်အောင် ကြိုးစားနိုင်ပါစေ၊ အောင်မြင်နိုင်ပါစေ၊ ကျန်းမာပြီး စိတ်ချမ်းသာစွာ အိပ်ပျော်နိုင်ပါစေ.. ပျော်ရွှင်ဖွယ် မွေးနေ့ပေါင်းများစွာကို ချစ်သောသူများနှင့် နှစ်တိုင်းကျင်းပနိုင်ပါစေ.. .အောင်မြင်မှုတွေနဲ့အတူ ပျော်ရွှင်ကြည်နူးသော  ဘ၀တစ်ခုကိုပိုင်ဆိုင်ပါစေ… သူတော်ကောင်း တရားထူး တရားမြတ်များ ကျင့်ကြံပွားများကာ နိဗ္ဗာန်သို့တိုင်အောင် မျက်မှောက်ပြုနိုင်ပါစေ.. “