အရင်က ဆောင်း
ငါ့တိုင်းပြည်လေးမှာ…
သစ်မြစ်တွေကိုတောင် ငါချစ်တယ်…
တကယ်လို့
အကြိမ်ပေါင်းတစ်ထောင် သေရင်….
အဲဒီမှာပဲငါသေချင်တယ်
တကယ်လို့
အကြိမ်ပေါင်းတထောင် ပြန်မွေးရင်လည်း
အဲဒီမှာပဲ ငါမွေးချင်တယ်။
နီရူဒါ
ဘာလိုလိုနဲ့ ဆောင်းတွင်းတောင်ရောက်ပြီ.. သူငယ်ချင်းတွေရဲ့ blog စာမျက်နှာတွေမှာ ဆောင်းတွင်းအကြောင်းတွေ ရေးကြ လွမ်းကြတော့ အရင်ကဆောင်းကို သတိရလာတယ်။မွေးပြီးလူမှန်းသိတတ်စအရွယ်ရောက်တော့ ဆောင်းတွင်းကို စပြီးသတိထားမိလာတယ်။ အသက် ၄ - ၅ နှစ်လောက်ပေါ့ .. ဆောင်းတွင်းက ဖောင်ကြီးဆိုတဲ့ ဇာတိရွာလေးမှာ .. ရန်ကုန်နဲ့ ၄၈ မိုင်လောက်သာဝေးပေမယ့် ပဲခူးရိုးမတောင်ခြေမှာရှိလို့ အချမ်းဓါတ်က ရန်ကုန်နဲ့တော့မတူပါဘူး.. ရန်ကုန်ဆောင်းက စောင်မခြုံရပေမယ့် ရွာမှာတော့တော်တော်လေးအေးပါတယ်။
ညဘက်ရောက်ရင် အဖိုး၊အဖွား၊ နဲ့ မောင်နှမ၀မ်းကွဲတွေစုပြီး မီးလှုံကြပါတယ်.. မီးဖိုကိုဇလုံကြီးတခုထဲမှာ နေ့ခင်းက ကျွန်တော်တို့ခလေးတွေ ကောက်ထားတဲ့ သစ်ပေါက်စတွေ ၊ ၀ါးဆစ်ပိုင်းတွေ ထည့်ပြီးဖိုပါတယ်။ ၀ါးဆစ်ကမီးတောက်မြန်ပေမဲ့သတိတော့ထားရတယ်.. နှစ်ဖက်ပိတ်ဝါးဆစ် ဆို အခန့်မသင့်ရင်ထပေါက်တတ်လို့။ သစ်နဲ့ဝါး ထွက်တဲ့ဒေသဆိုတော့ မီးစာမရှားပါဘူး… ။ မီးဖိုဘေးပတ်ပတ် လည်မှာထိုင်းပြီးစကားတွေပြောကြ မုန့်တွေစားပေါ့။ ညဘက်ထွက်ရောင်းတဲ့ မုန့်ဖက်ထုတ်နဲ့ ပြောင်းဖူးပြုတ် က ညလည်စာပေါ့.. ပြောင်းဖူးက ရွာနီးနားကကိုင်းတွေမှာစိုက်တာဆိုတော့ လတ်လည်းလတ် ချိုလည်းချိုတယ်.. ။
ရန်ကုန်နဲ့နီးပေမယ့် ရွာလိုပါပဲ.. အဲဒီ မိုးလေကင်းလွတ်တဲ့ဆောင်းတွင်းဆို ဇာတ်ပွဲတွေစ၀င်ပါပြီ.. ၊ ပွဲကြည့်တာဝါသနာမပါတော့ ပွဲဈေးတန်းကို ညီကိုတွေ သွားပြီးမုန့်ဝယ် ပြီးတော့အိမ်ပြန်ယူလာပြီး မိသားစုတွေစားကြတယ်..၊ ခုထိသတိရတဲ့မုန်က မုန့်လေပွေ ၊ ၀ယ်လားပြီးတော့တော့နဲနဲအေး သွားရင် ဖိုထားတဲ့မီးဖိုမှာ ၀ါးတန်လေးတွေညှပ်ပြီးပြန်ကင် ပြီးတော့တဖဲ့ချင်းစား။ နောက်တစ်ခုက ကောက်ညှင်းကျီတောင့် ..၊ အဖွားလေးက မြန်မာမုန့် မျိုးစုံလုပ်တတ်တယ်၊ မနက်ပိုင်းဆန်တွေကိုရေစိန် ၊ အုန်းသီးတက်တဲ့သူကခြံထဲမှာရှိတဲ့အုန်းပင်ပေါ်တက်ခူး ။ ညရောက်တော့ မီးဖိုဘေးမှာ ကောက်ညှင်းကျီတောင့်လေးတွေထောင်ပြီးမီးကင်၊ ကျက်ပြီဆို ခြစ်ထားတဲ့ အုန်းသီးစိမ်းနဲ့မိသားစုတွေ တပျော်တပါးစားကြတာပေါ့။
အဖေနဲ့အမေကရန်ကုန်မှာရုံးတက်တာဆိုတော့ ကျွန်တော်တို့ကအဖွားတွေ အဖိုးတွေနဲ့ပဲကြီးပြင်းလာခဲ့ရတာ။ ရွာကခြံကအကျယ်ကြီးမဟုတ်ပေမဲ့ သီးပင်စားပင်တော့တော်တော်စုံတယ်။ အထူးသဖြင့် သရက်နဲ့ အုန်းပင်က အများဆုံးပေါ့… အဘွား (အဖွားရဲ့အမေ) က သူ့မြေးတွေမွေးရင် အုန်း ၂ ပင် သို့မဟုတ် ၃ ပင်လောက်စိုက်တယ်။
ရွာမပြန်ဖြစ်တဲ့နှစ်တွေဆိုရင်တော့ ရန်ကုန်ဆောင်းကိုကြုံတာပေါ့… ရန်ကုန်ဆောင်းရဲ့အမှတ်တရ ကတော့ မနက် ၄ နာရီ ခွဲလောက်ထပြေးကြတယ်၊ သူငယ်ချင်းတွေနဲ့ပေါ့.။ ဆောင်းရောက်ခါနီးဆို အမေ့ဆီမှာမုန့်ဖိုးတောင်း ပြီး လမ်းထိပ် ကျော်စိန် ဖိနပ်ဆိုင်က ကင်းဘတ် ဖိနပ်လေးဝယ်ပြီး ပြေးဖို့ ဟန်ရေးပြနေတာ၊ သူငယ်ချင်းတွေကပြေးကျင့်ရှိတဲ့သူတွေဆိုတော့ အိမ် (လှည်းတန်း) ကနေ ရွှေတိဂုံဘုရားထိပြေးတယ်။ ကိုယ်လည်းပြေးမယ်ပေါ့ .. တကယ်တန်းလည်းစပြေးရောအလေ့အကျင့်မရှိတော့ ဟံသာဝတီဝိုင်းမှာတင်ကျန်ခဲ့တယ်။
အသက်တွေကြီးလာပြီး ကိုယ်ရွေးခြယ်တဲ့ဘ၀လမ်းခရီးကိုကိုယ်လျှောက်ခဲ့ပြီ။ ဒါပေမယ့်ဆောင်းတွင်းရောက်ရင်တော့ကိုယ့်မွေးရပ်မြေကိုပိုလို့ သတိရမိတယ်..
သုခအောင်
